နွားနို့သောက်ရင် ဝက်ခြံဖြစ်စေမလား
ဝက်ခြံဆိုတာက အပျိုဖော် လူပျိုဖော်ဝင်ချိန်မှာ ခံစားရနိုင်တဲ့ အဖြစ်များတဲ့ အရေပြား ပြဿနာ တစ်ခုပါ။ ပုံမှန်ကတော့ ကိုယ်တွင်းမှာ ဟော်မုန်းတွေ ပြောင်းလဲတာနဲ့ ချွေးပေါက်တွေ ပိတ်ဆို့တာကြောင့် ဝက်ခြံတွေ ဖြစ်လာရတာပါ။ အသားအရေ အဆီပြန်မယ်ဆိုရင် အဆီနဲ့ ဆဲလ်သေတွေရယ် ပတ်ဝန်းကျင်က ဖုန်မှုန့်တွေ ဘက်တီးရီးယားတွေရယ် ပေါင်းစည်းပြီး ဝက်ခြံတွေ ဖြစ်လာရပါတယ်။
ဝက်ခြံက ရောင်ရမ်းနီမြန်နေတတ်ပြီး တော်တော်လေး အနေရခက်စေတာမျိုးလည်း ရှိတတ်ပါတယ်။ ဝက်ခြံ ဖြစ်စေတာမှာ အခုပြောခဲ့တဲ့ အချက်တွေကြောင့်လည်း ဖြစ်နိုင်သလို အစားအသောက်တွေကြောင့်လည်း ဝက်ခြံ ဖြစ်နိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝက်ခြံ ရှိသူတော်တော်များများနဲ့ ရင်းနှီးပြီးသား ကိစ္စလေး တစ်ခု ဖြစ်တဲ့ ဝက်ခြံ ရှိနေရင် နွားနို့ မသောက်နဲ့ ဝက်ခြံ ပိုဆိုးလိမ့်မယ် ဝက်ခြံတွေ ထွက်လာလိမ့်မယ်ဆိုတဲ့ စကား တကယ်ပဲ မှန်သလား ဆိုတာကို ပြောပြပေးသွားမှာပါ။
နွားနို့သောက်ရင် ဝက်ခြံ ဖြစ်စေမလားဆိုတော့ ဒီနှစ်ခုကြားက ဆက်စပ်မှုကို တိတိကျကျ ပြောပြဖို့ ခက်ပေမယ့် တိုတိုနဲ့ လိုရင်းကို ပြောပြရရင်တော့ နွားနို့ သောက်ရင် ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။ ဒီလို ဝက်ခြံ ဖြစ်စေတယ်ဆိုတဲ့ နေရာမှာလည်း ဟော်မုန်းတွေ၊ မျိုးဗီဇတွေ၊ အသားအရေ အမျိုးအစား၊ ပတ်ဝန်းကျင် အနေအထား၊ အသားအရေ ထိန်းသိမ်းမှု အလေ့အထ၊ ကျန်းမာရေး အခြေအနေတွေပေါ် လိုက်ပြီး တစ်ဦးနဲ့ တစ်ဦးမှာ ကွာခြားတာမျိုးတွေ ရှိနိုင်ပါတယ်။
နွားနို့က သောက်တိုင်း ဝက်ခြံ ဖြစ်စေတာမျိုးတော့ မဟုတ်ပါဘူး။ အချို့မှာ နွားနို့ သောက်တာကြောင့် ဝက်ခြံတွေ ပိုဆိုးတာ ဝက်ခြံ အသစ်အသစ်တွေ ထွက်လာတာကို ဖြစ်စေပေမယ့် အချို့မှာတော့ ဘာမှ မဖြစ်တာမျိုး ရှိပါတယ်။
နွားနို့ သောက်တာက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံ ဖြစ်စေနိုင်သလို အရေပြားကိုလည်း ရောင်ရမ်း စေနိုင်ပါတယ်။ နွားနို့သောက်တဲ့အခါ ဝက်ခြံထွက်ရတာက နွားနို့မှာပါတဲ့ ဟော်မုန်း တစ်မျိုး ဖြစ်တဲ့ Androgens ဟော်မုန်းကြောင့်ပါ။
ဒီဟော်မုန်းက အရေပြားပေါ်က ဆဲလ်တွေကို အဆီတွေ ပိုမို ထုတ်လုပ်အောင် လှုံ့ဆော်ပေးလိုက်ပါတယ်။ ဒီလိုမျိုး အဆီတွေ ပိုထုတ်အောင် လှုံ့ဆော်ပေးလိုက်ရာက အဆီတွေ ထွက်လာတဲ့အခါ အဆီတွေနဲ့ ဆဲလ်သေတွေက အရေပြားပေါ်က ချွေးပေါက်တွေမှာ ပိတ်ဆို့သွားပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။
နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ နွားနို့က အင်ဆူလင်လိုမျိုး ကြီးထွားမှုကို ဖြစ်စေနိုင်တဲ့ အရာကို လှုံ့ဆော်လိုက်ပါတယ်။ ဒီလို လှုံ့ဆော်မှုက အဆီထွက်ရှိမှုကို ဖြစ်စေပြီး ဝက်ခြံကိုတွေကို ဖြစ်စေတာပါ။
အချိုဓာတ်နဲ့ အဆီဓာတ် ပါဝင်မှု များတဲ့ အစားအစာတွေက ဝက်ခြံ ဖြစ်စေနိုင်တာကြောင့် အလွန်အကျွံ မစားဖို့ လိုပါမယ်။
နွားနို့သောက်လို့ ဝက်ခြံ ဖြစ်စေတယ်ဆိုတဲ့ နေရာမှာ အဆီထုတ် နို့၊ အဆီလျှော့ နို့တွေကလည် ဖြစ်စေနိုင်သလို နို့ထွက် ပစ္စည်းအမျိုးမျိုးကလည်း ဖြစ်စေနိုင်တယ်ဆိုတာကို သတိရပါ။ ဒါကြောင့် နွားနို့ သောက်လို့ ရှိရင်းစွဲ ဝက်ခြံက ပိုရောင်လာတာ၊ ဝက်ခြံတွေ ပိုဆိုးလာတာ၊ ဝက်ခြံ အသစ်တွေ ထွက်လာတာမျိုး ဖြစ်မယ်ဆိုရင် ကိုယ်က နွားနို့ကြောင့် ဝက်ခြံ ဖြစ်တတ်တယ်ဆိုတာကို သတိရပေးပါ။
နွားနို့ကြောင့် ဝက်ခြံ ဖြစ်တတ်မယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ နို့ နဲ့ နို့ထွက် ပစ္စည်း အမျိုးမျိုးကို ရှောင်ကြဉ် စားသုံးဖို့ လိုပါမယ်။
မွန်မွန်
Joe li 13 Mar 2024 |
Thank you for your letters.